ဆေးလိပ်သောက်ခြင်း ၏ ဆိုးကျိူးများ
- Aungtun Thant
- Oct 4, 2020
- 1 min read
ယနေ့ခေတ် ကမ္ဘာ့လူဦးရေ ရဲ့ 25% လောက်ဟာ ဆေးလိပ်သောက်သူတွေ ဖြစ်နေပါတယ်။ Smoking လို့ပြောလိုက်ပြီဆိုလျှင် ဆေးလိပ်သောက်တာ တစ်ခုထဲတော့မဟုတ်ပါဘူး။Smoke ဆိုတဲ့ အခိုးအငွေ့မှာ ပုံစံအမျိုးမျိုး ပါဝင်နိုင်ပါတယ်။အဲ့ဒါတွေကတော့_
◾ ဒြပ်ပေါင်းပစ္စည်းတွေ၊ ဓာတ်ငွေ့တွေ၊ လောင်စာဆီတွေ၊ အရာဝတ္ထုတွေ မီးလောင်ပေါက်ကွဲ ခြင်းကြောင့် ထွက်လာသော အခိုးအငွေ့များ။
◾ တောမီးလောင်ခြင်း၊ နေအိမ်များ မီးလောင်ခြင်း၊ စက်ရုံအလုပ်ရုံများမီးလောင် ခြင်းကြောင့် ထွက်လာသော အခိုးအငွေ့များ။
◾ ဆေးရွက်ကြီး သို့မဟုတ် စီးကရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အခိုးအငွေ့များ စသဖြင့် ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။
ဒါပေမယ့် သင့်ရဲ့ကျန်းမာရေးကို အဓိက ဒုက္ခပေးနိုင်တာကတော့ သင်နေ့တိုင်း ရည်ရွယ်ချက်ရှိရှိ သောက်နေတဲ့ စီးကရက် တွေပဲ ဖြစ်ပါတယ်။
Tobacco ခေါ် ဆေးရွက်ကြီးမှာ ပါဝင်တဲ့ ဒြပ်ပေါင်းများစွာထဲကမှ လူ့ခန္ဓာကိုယ်အတွက် ဒုက္ခအပေးဆုံးဖြစ်တဲ့ Nicotine (နီကိုဒင်း) ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးကတော့ အဓိက ပါဝင်ပါတယ်။
ဆေးလိပ်ကို ရေရှည်သောက်ခြင်းက သင့်ကျန်းမာရေးကို ဘာတွေထိခိုက်စေ နိုင်သလဲ?
ဆေးလိပ်ကို ကြာရှည် သုံးစွဲမယ်ဆိုရင်_
ဗဟို အာရုံကြောမကြီး စနစ်
◾ ဆေးရွက်ကြီးမှာပါဝင်တဲ့ Nicotine လို့ခေါ်တဲ့ စိတ်ကို ပြောင်းလဲစေနိုင်တဲ့ မူးယစ်ဆေးကြောင့် စသောက်လိုက်ခြင်းမှာပဲ အင်အားရှိပြီး ရွှင်လန်းတက်ကြွသွားသလို ခံစားရစေပါတယ်။
◾ဒါပေမယ့် ဓာတ်ပြယ်သွားတာနဲ့အမျှ အရင်ကထက် ပိုပြီး ပင်ပန်းနွမ်းနယ်စေပါတယ်။
◾နောက်ဆက်တွဲ အနေနဲ့ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနါတွေကို ခံစားရမှာဖြစ်ပါတယ်။
◾ ဒါ့အပြင် အတက်ရောဂါ၊ မျက်သားဝါခြင်း၊ အနံ့အရသာပျက်ခြင်း၊ အကြားအာရုံချို့ယွင်းခြင်း စတဲ့ လက္ခဏာတွေကိုလည်း ခံစားရတတ်ပါတယ်။
အသက်ရှူ လမ်းကြောင်းစနစ်
◾ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့ အသက်ရှူလမ်းကြောင်းကို သင်ကိုယ်တိုင် ဖျက်ဆီးပစ်နေတာနဲ့ အတူတူပါပဲ။
◾အသက်ရှူလမ်းကြောင်း ပျက်စီးလာတာနဲ့ အမျှ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ရုံသာမက အဆုတ်နဲ့ပတ်သတ်တဲ့ နာတာရှည်ရောဂါတွေပါ ဖြစ်ပွားနိုင်ပါတယ်။
◾အဆုတ်ဖောင်းရောင်ရောဂါ (Empysema)၊ နာတာရှည် အသက်ရှူပြွန်ရောင်ရောဂါ၊ COPD (Chronic Obstructive Pulmonary Disease) နဲ့ အဆုတ်ကင်ဆာရောဂါ စတဲ့ရောဂါတွေကို ဆေးလိပ်စွဲသောက်သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။
◾ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကြပ်ရောဂါ စတဲ့ ဝေဒနါတွေကိုလည်း လက်တလော ခံစားရနိုင်ပါသေးတယ်။
နှလုံးသွေးကြောစနစ်
◾ဆေးလိပ်မှာပါတဲ့ Nicotine ဓာတ်က သွေးကြောတွေကို ကျဥ်းစေတဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ရေရှည်သောက်သုံးသူတွေ အနေနဲ့ နှလုံးသွေးကြောကျဥ်းရောဂါ၊ နှလုံးကြွက်သားပုပ်ရောဂါ၊ လေဖြတ်ခြင်း၊ သွေးတိုးရောဂါ နဲ့ ရုတ်တရက် အသက်ရှူရပ်ခြင်း မှစ၍ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။
အစာချေစနစ်
◾ အစာစားချင်စိတ် လျော့နည်းခြင်း၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုပြွန် ကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါ နဲ့ ပန်ကရိယ ကင်ဆာ ရောဂါတို့ကို ဖြစ်စေပါတယ်။
မျိုးပွားအင်္ဂါ အဖွဲ့အစည်း
◾ လိင်စိတ်လျော့နည်းခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း နဲ့ မြုံခြင်းများ ဖြစ်နိုင်ပါတယ် ။
ဒါ့အပြင် အရိုးပွရောဂါ၊ အရေပြားကင်ဆာ၊ လက်သည်းပိုးဝင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခါးနာခြင်း၊ အနာကျက် နှေးခြင်း စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။
🔷 ဒါဆိုရင် ဆေးလိပ်သောက်သူမှာပဲ ဒီလိုရောဂါတွေခံစားရတာလား? သူရဲ့မိသားစုဝင်တွေရော ခံစားရနိုင်လား?
◾ဆေးလိပ်သောက်သူမှတဆင့် အခိုးအငွေ့တွေကို နေ့စဥ်ရှူရှိုက်မိနေတဲ့ သူ့ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ Second Smokers တွေကလည်း ဆေးလိပ်သောက်သူလိုပဲ အချိန် ကြာလာရင် ရောဂါတွေခံစားရမှာ ဖြစ်ပါတယ်။
◾ အဓိကအားဖြင့် ဆေးလိပ်သောက်သူ မိဘရဲ့ ကလေးမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ပန်းနာရင်ကြပ်ရောဂါ စတာတွေကို ဆေးလိပ်မသောက်သူ မိဘရဲ့ ကလေးတွေထက်ပိုပြီး ခံစားရပါတယ်။
◾ နောက်ထပ် အဆုတ်ရောင်ရောဂါ၊ လေပြွန်ရောဂါ၊ နှလုံးရောဂါ တို့ကိုလည်း ခံစားရစေပါတယ်။
🔷 ဆေးလိပ်ဖြတ်ရင်ရော ဘာတွေဖြစ်မလဲ?
◾ ဆေးလိပ်ဟာ သောက်တာကြာလာတာ နဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုကို ဖြစ်စေတတ်တာကြောင့် ဆေးလိပ်သောက်သူတွေအဖို့ ဆေးလိပ်ဖြတ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။
◾ ဆေးလိပ်ကို ရုတ်တရက် ဖြတ်လိုက်မယ်ဆိုလျှင် ခေါင်းကိုက်ခြင်း၊ ညဘက်အိပ်မပျော်ခြင်း၊ အသက်ရှူမဝခြင်း၊ အချွဲသလိပ်များထွက်ခြင်း စတာတွေကို ယာယီခံစားရမှာဖြစ်ပါတယ်။
◾ဒါကြောင့် ဆေးလိပ်ဖြတ်မယ်ဆိုပါက နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ဆေးဝါးတွေနဲ့ ဖြတ်တာကတော့ ဝေဒနါလည်းသက်သာစေပြီး အကောင်းဆုံးဖြေရှင်းတဲ့ နည်းလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ မိမိကိုယ်တိုင်ရော မိမိချစ်ခင်ရသူတွေပါ မထိခိုက်ရအောင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတစ်ခုမှ မရှိတဲ့ ဆေးလိပ်ကို အခုချိန်ကစပြီး နည်းမှန်လမ်းမှန်နဲ့ ဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း တိုက်တွန်းလိုက်ရပါတယ်ရှင်…
#ဆေးလိပ်ဆေးရွက်ကြီးဆိုးကျိူး
Comentários