Covid-19 နဲ့ မြန်မာ
- Aungtun Thant
- Oct 3, 2020
- 2 min read
ကိုဗစ်-၁၉သည် မည်သည့်နေ့ရက်တွင် ကူးစက်ပျံ့နှံ့မှုရပ်တန့်ပြီး ပုံမှန်အခြေအနေဆီ ပြန်ရောက်နိုင်မည်ဟု မည်သူကမျှမပြောနိုင်ပါ။ မျှော်လင့်ထားကြသော အခြေအနေသစ် (New Normal) ထဲသို့ ရောက်မည်ကြံဆဲတွင်ပင် ရောဂါကူးစက်မှုများလာသောကြောင့် နောက်ပြန်ဆုတ် ရခြင်းများ ရှိနေမြဲပင် ရှိသေးသည်။
မြင့်မားလာနိုင်သည့် ကူးစက်မှုကို ကာကွယ်ရေးအတွက် အစိုးရ အဖွဲ့အစည်းများသည် လူအများစည်းကမ်းလိုက်နာမှုကို ကြီးကြပ်ရန် ပြစ်ဒဏ်စနစ်များကို ကျင့်သုံး နေကြရပေဦးမည်။
ကိုဗစ်-၁၉ကြောင့် မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကြုံရသော ဘေးဒုက္ခတစ်ခုကို နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ရခြင်းဖြစ်သည်။ ယခင်ကဖြစ်ပွားခဲ့သော SARS, MERS and H1N1 အစရှိသော ရောဂန္တရကပ်များတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အသိုင်းအဝိုင်းနှင့် များစွာနီးစပ်မှုမရှိခဲ့ပဲ ထီးတည်းခွာပြီး ရှိနေခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်အတွင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်ရေး အရသော်လည်းကောင်း၊ ဖွံ့ဖြိုးရေးအကူအညီအားဖြင့်သော်လည်းကောင်း၊ ကမ္ဘာ့ ကုန်စည်စီးဆင်းမှု ကွင်းဆက်များအတွင်းဝင်ရောက်လည်ပတ်ခြင်းဖြင့်လည်းကောင်း ပိုမိုပူးကပ် နီးစပ်လာခဲ့သည်။ ထိုနှစ်များတွင် ကျေးလက်နှင့် အစွန်အဖျားမှ ဆင်းရဲသော လူမှုဘဝများနှင့် မြို့ပြလူနေမူ ဘဝတို့ ကြား ကွာခြားချက်မှာ ပို၍ပင် ကြီးမားလာခဲ့သည်။ ကိုဗစ်အကျပ်အတည်း စတင်လာကတည်းက တွေ့မြင်နေရသည်မှာ ကပ်ဘေးကို ရင်ဆိုင်ကြရာတွင် လူအများကြား လူမှုရေးစီးပွားရေး အင်အားကွာခြားချက်များက ပိုမိုပေါ်လွင်လာသည်။
တရုတ် ကဲ့သို့ ကူးစက်မှုမြန်နှုန်းမြင့်နေသော နိုင်ငံများနှင့် နီးကပ်နေသောကြောင့် မြန်မာနိုင်ငံကို အန္တရာယ်မြင့်မားနိုင်ခြေရှိသောနေရာတစ်ခုအဖြစ် ပူပန်မှုများရှိခဲ့ကြသောကြောင့် မြန်မာ အစိုးရသည် မတ်လလယ်လောက်ရောက်ချိန်တွင် ပြည်သူ့ကျန်းမာရေး ပညာပေး လုပ်ငန်းများ အပါအဝင် ကိုဗစ်ကပ်ဘေးနှင့်ပတ်သက်ပြီး အရှိန်တင်ကာ စတင်ဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှစကာ ကိုဗစ်-၁၉ဒဏ်ကြောင့် ကျဆင်းလာသောစီးပွားရေးကို ပြည်သူများ ခံနိုင်ရည်ရှိစေရန် အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့သည်။
ကုလဖွံ့ဖြိုးရေးအစီအစဉ်နှင့် ကမ္ဘာ့ဘဏ်တို့က ၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့ပြီး ၂၀၁၉တွင် ထုတ်ပြန်ခဲ့သော မြန်မာ့လူမှုဘ၀ စစ်တမ်း တစ်ခုအရ မြန်မာနိုင်ငံသား ၃၀ ရာခိုင်နှုန်းနီးပါးသည် တစ်နေ့လျှင် ၁၆၀၀ ကျပ်ထက် ပို၍ဝင်ငွေနည်းသော သူများဖြစ်ကြပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ အဆင်းရဲဆုံး ၄၀ ရာခိုင်နှုန်း၏ ဝင်ငွေမှာ မြန်မာနိုင်ငံ၏ စုစုပေါင်းဝင်ငွေ၏ ၂၂ ရာခိုင်နှုန်းသာ ရှိပါသည်။ တစ်ဖန်ထိုဝင်ငွေအနိမ့်ဆုံး အုပ်စုထဲတွင်မှ အခြေအနေအနိမ့်ဆုံး ၄၀ ရာခိုင်နှုန်းခန့်မှာ ပျံကျ လုပ်ကိုင်စားသောက်ရသူများဖြစ်ကြသည်။
လွန်ခဲ့သော ၆ လအတွင်းတွင် ကိုဗစ်-၁၉သည် မူလကပင် ဆင်းရဲသော မြန်မာ ပြည်သူတို့၏ ဘဝကို ပို၍ပင် ကျပ်တည်းစေခဲ့ပြီဖြစ်သည်။လူစုလူဝေးရှောင်ရှားနိုင်ရန် အပြင်မထွက်ကြရေး အစီအမံများပြုလုပ်ခဲ့သည့် ကာလ (Lock Down) အတွင်း ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအကျပ်အတည်းများကို မြို့ပြဆင်းရဲသားများသာမက ကျေးလက်မှ နွမ်းပါးသူများလည်းရင်ဆိုင်ကြရပါသည်။ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ ဝင်ငွေကို မှီခိုနေရသော ရပ်ရွာများမှာ အချိန်ကာလအတိုင်းအတာတစ်ခုအထိ ရွှေ့ပြောင်းလုပ်သားများ ဝင်ငွေကို ဆက်လက်ရရှိခြင်းမရှိတော့သည့် အခြေအနေများကြုံလာရသည်။
ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မဖြစ်ပေါ်ခင်ကာလတွင် ကျေးလက်ဒေသများမှ ရွှေ့ပြောင်းထွက်ခွာကာ အခြားနေရာတွင် သွားရောက် အလုပ်ရှာဖွေရခြင်းများ အလွန်မြင့်မားလာခဲ့သည်။ အဓိကမှာ မိမိတို့နေထိုင်ရာအရပ်များတွင် သင့်တော်သည့် အလုပ်အကိုင် နှင့် ဝင်ငွေရရန် ခက်ခဲ လာသောကြောင့်ဖြစ်သည်။ ကိုဗစ်ကာလ အတွင်းတွင် ထိုအဝေးရောက် ရွှေ့ပြောင်းလုပ်သားတို့သည် ဇာတိရပ်ရွာများသို့ တဖွဲဖွဲပြန်လည် ရောက်ရှိလာကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံတွင် ခရီးသွားလာခွင့်များ စည်းကမ်းများကို လျှော့ချလိုက်သည့်အချိန်မှ စတင်ကာ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လိုသည့် ဦးရေ ပိုတိုးလာခဲ့သည်။
ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီဒေသများကဲ့သို့ မူလကပင် ထိုင်းသို့ သွားရောက်သော အလုပ်သမားဦးရေပိုများသည့် နေရာများတွင် ပြန်လည် ဝင်ရောက် လာသူများအတွက် အလုပ်အကိုင် မရှိသောကြောင့် ကြောင့်ကြနေကြရသည်။ ပြန်လာသူများအဖို့ မည်သိုရှေ့ခရီးဆက်ရမည်ဆိုသည်မှာ မရေရာသည့် အခြေအနေမျိုးဖြစ်ပြီး အလုပ်မရှိဘဲ မည်မျှအထိ ကြာကြာနေရမည်ကို မမှန်းနိုင်ကြပေ။
မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို မကျင်းပတော့ဟု အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ပြီးချိန်မှစပြီးကြည့်လျှင် ကျေးလက်တွင်ရော မြို့ပြတွင်ပါ မိမိတို့ရပ်ရွာကို ကိုဗစ်-၁၉ ဘေးက ကာကွယ်ရန် ဒေသန္တရ အစီအစဉ်အမျိုးမျိုး တစ်ကျောင်းတစ်ဂါထာ ဆောင်ရွက်ခဲ့ကြပုံများကို တွေ့မြင်ကြပါလိမ့်မည်။
၂၀၀၈ခုနှစ် နာဂစ် မုန်တိုင်းပြီးကာစ အကူအညီများပေးကြသည့် အချိန်များကဲ့သို့ပင် မြန်မာ့လူမှု အသိုင်းအဝိုင်းသည် ရပ်ရွာအကျိုးကို အားသွန်ပြီး ပူးပေါင်းဆောင်ရွက်ရန် စိတ်ထက်သန်ကြပါသည်။ ကျေးရွာနှင့် ရပ်ကွက်အပါအဝင် အုပ်ချုပ်ရေးယန္တရားများ၏ ဦးဆောင်မှုအောက်တွင် မိမိတို့ တတ်စွမ်းသမျှ ပါဝင်လိုကြသည်။ ချက်ချင်းဆိုသလိုပင် ရပ်ထဲရွာထဲတွင် ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးအဖွဲ့များ ကိုယ်စီပေါ်ပေါက်လာကြသည်။
ကျေးရွာအချင်းချင်းတွင်ပင်လျှင် Social Distancing ဟု ခေါ်သော လူစုလူဝေး ရှောင်ရှားရေးအတွက် ချမှတ်ထားသော စည်ကမ်းများ မတူတတ်ကြပေ။ အချို့သော ကျေးရွာများသည် မိမိတို့ရွာအပြင်မှလာရောင်းသော ဈေးသည်များကို အဝင်မခံ တတ်ကြသော်လည်း အချို့ရွာများကမူ လက်ဆေးခြင်းအစရှိသည့် အခြေခံလိုက်နာရမည့် စည်းကမ်းများကို ရွာအဝင်ဂိတ်တွင် လိုက်နာပြီး ရွာအတွင်းသို့ ဝင်စေသည်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေး၊ လူမှုရေးထိခိုက် ခံစားရပုံခြင်းအတူတူ နေရာအတော်များများတွင် ဆင်းရဲနွမ်းပါးသူတို့အဖို့ ကြုံရသော ဒုက္ခမှာ ရိုက်ခတ်မှု ပိုပြင်းထန်ခဲ့သည်။ သူတို့သည် ကိုဗစ်-၁၉ ကာလအတွင်းသတ်မှတ်ထားသော စည်းကမ်းများကို တင်းပြည့်ကျပ်ပြည့် လိုက်နာနိုင်ရန်ထက် ဝမ်းရေးကို ပိုပြီးဦးစားပေးရဖွယ်ရှိသူများရှိရာ စည်းကမ်းဖောက်ခြင်းကြောင့် အပြစ်ပေးခံရလျှင် မလွတ်နိုင်သည့်အုပ်စုတွင် သူတို့သည် အများဆုံးပါဝင်နေကြသည်။
မြန်မာနိုင်ငံသည် ကိုဗစ်ကာလတွင်သာမဟုတ် သဘာဝဘေးအန္တရာယ် အပြွမ်းဆုံးနေရာ တစ်ခုအဖြစ် သတ်မှတ်ခံထားရရာ အရေးပေါ် အခြေအနေများနှင့် မကြာခဏဆိုသလို ကြုံရနိုင်ခြေ ရှိပါသည်။ အထက်ပါ အရေးပေါ်ကာလ အာဏာကို သင့်တင့်လျောက်ပတ်စွာ ကျင့်သုံးနိုင်ရေး မူများမှာ မြန်မာနိုင်ငံအတွက် ဘေးအန္တရာယ်ရင်ဆိုင်ရာတွင် အသင့်ဖြစ်စေရေးအတွက် လိုအပ်သည့် မူများပင် ဖြစ်သည်။ ယခုကိုဗစ်ကာလ ရောဂါထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်ကြရာတွင်လည်း သတင်း အချက်အလက်နှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ မရရှိနိုင်သည့် အခြေအနေမျိုးကို မည်သူ တစ်ဦးတစ်ယောက်ကမျှ မကြုံစေသင့်ပေ။
#Reference_myanmartime _myanmarinstitute #CreditphotoWHO
Comments